မြန်မာစာပေ၊
မြန်မာသမိုင်းများတွင်း ရှမ်းမျိုးအစ မိုင်းမောက ဟူ၍လည်းကောင်း၊
ရှမ်းမင်းအစ ဘိန္ဒက ဟူ၍လည်းကောင်း ဆိုရိုးလင်္ကာများ ရှိခဲ့သည်။
မောဟူသော စကားမှာ မင်းဟူ၍ အဓိပ္ပာယ်ရသည်။ ရွှေလီမြစ်ကို ရှမ်းအခေါ်ဖြင့် နမ့်မောင်းဟု ခေါ်သည်။ ရှေးအခါက ရွှေလီမြစ်ဝှမ်းတစ်လျှောက်တွင် ရှမ်းကိုးပြည်ထောင် တည်ထောင်နေထိုင်ရာမှ ရှမ်းဒေသကို ရွှေလီမြစ်အား အစွဲပြု၍ မောကိုးပြည် (မောင်းကိုးပြည်) ဟုခေါ်ကြသည်။
မြန်မာသမိုင်းများတွင် မိုင်းမော ပြည်ကြီးအား အနောက်မဇ္ဈိတိုင်းသား သကျသာကီဝင်မင်းမျိုး ဘိန္ဒကရာဇာ မင်းကြီးက စတင် တည်ထောင်ခဲ့သည်။ ယင်း၏ သားစဉ်မြေးဆက်များ ပြန့်ပွားသွားပြီး ပြည်ပေါင်းကိုးပြည်ထောင်နှင့် အရံမြို့ပေါင်း ၉၉ မြို့သော ကိုးပြည်ထောင်စုကြီးကို တည်ထောင်ကြသည်ဟု ပါရှိသည်။
ရှမ်းရိုးရာစကားအရဆိုသော် သကျသာကီဝင် မင်းမျိုးအနွယ်ဖြစ်သော ခွန်လူးမင်းခေါ် မင်းတပါးက မိုင်းကောပြည်ကြီးကို စတင် တည်ထောင်အုပ်စိုးသည်ဟု ဆိုသည်။
ထိုမင်းပေါက်ဖွားသော မင်းဆက်များသည် အောက်ပါမြို့ကြီး ကိုးမြို့နှင့် အရံမြို့များတွင် မင်းပြုခဲ့ကြသည် ဆို၏။

| စဉ် | မောကိုးပြည်ထောင် မြို့များ | အရံမြို့များ အရေအတွက် |
| ၁ | မိုးကောင်းမြို့ | ၉၉ မိုင်း (မြို့ငယ်) |
| ၂ | မိုးညှင်း | ၃၇ ။ (မြို့ငယ်) |
| ၃ | သောင်သွပ် | ၂၈ ။ (မြို့ငယ်) |
| ၄ | ညောင်ရွှေမြို့ | ၃၉ ။ (မြို့ငယ်) |
| ၅ | သိန္နီမြို့ | ၄၉ ။ (မြို့ငယ်) |
| ၆ | အုန်းပေါင် (သီပေါ)မြို့ | ၂၉ ။ (မြို့ငယ်) |
| ၇ | မိုးမိတ်မြို့ | ၄၉ ။ (မြို့ငယ်) |
| ၈ | မိုးနဲမြို့ | ၃၇ ။ (မြို့ငယ်) |
| ၉ | မိုးပဲမြို့ | ၃၉ ။ (မြို့ငယ်) |