သိုဟန်ဘွားအနီစ္စရောက်ပြီးနောက် အင်းဝတွင်ရှိသော မှူးမတ်အပေါင်းတို့က မင်းကြီးရန်နောင်အား မင်းပြုရန် တောင်းဆိုသော်လည်း မင်းကြီးရန်နောင်အလိုမရှိသဖြင့် အုန်းပေါင်ခွန်မှိုင်းငယ်ကို အင်းဝမင်းပြုစေသည်။ မင်းကြီးရန်နောင်အား တလုပ်မြို့ကို ပိုင်စားစေသော်လည်း နောက်တစ်နှစ်တွင် မင်းကြီးရန်နောင်သည် မက္ခရာအရပ်၌ ရဟန်းဝတ်သွားလေတော့သည်။ အေဒီ ၁၅၄၃ ခုနှစ် အုန်းပေါင်းခွန်မိန်းသည် အင်းဝမင်းဖြစ်သောအခါ ညောင်ရွှေ၊ မိုးနဲ၊ ဗန်းမော်၊ မိုးမိတ်၊
မိုးညှင်းစော်ဘွားများနှင့် တိုင်ပင်၍ ကြည်းအားရေအားဖြင့် ပြည်သို့ချီတက် တိုက်ခိုက်တော်မူသည်။ ပြည်သတိုးဓမ္မရာဇာလည်း အင်အားမမျှသဖြင့် ထွက်မတိုက်ဝံ့ပေ။ တပင်ရွှေထီးသည်လည်း ရေအားကြည်းအား ဆင်မြင်းအလုံးအရင်းနှင့် ဟံသာဝတိမှ ပြည်သို့ချီတက်လာသည်။ ထိုတိုက်ပွဲတွင် တပင်ရွှေထီးတပ်က ရှမ်းစော်ဘွားများ၏ ရေတပ်ကိုစတင်တိုက်ခိုက်ရာ ရှမ်းရေတပ်ပျက်၍ ရိက္ခာများမလုံလောက် ဖြစ်ရသည်။ ရှမ်းစော်ဘွားများ ပြန်ဆုတ်သည့် အကြောင်းကိုသိ၍ တပင်ရွှေထီးသည် ဘုရင့်နောင်ကျော်ထင်နော်ရထာနှင့်တကွ ငါးတပ်လုံး ဆင်ပါမြင်းပါနှင့် လိုက်၍တိုက်ခိုက်လေရာ စော်ဘွားများတပ်ပျက်၍ အင်းဝသို့ဝင်လေသည်။ တပင်ရွှေထီးသည် အင်ဝပိုင် နယ်မြေအချိုကို သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၉၀၇ ခု၊ အေဒီ ၁၅၄၅ တွင် အုန်းပေါခွန်မိန်း အနိစ္စရောက်လေသည်။ ထိုနောက် အင်းဝနန်းကို ယင်း၏သားတော် မိုးဗြဲနရပတိမင်း နန်းတက်တော်မူသည်။ အေဒီ ၁၅၄၉ တပင်ရွေထီးသည် ယိုးဒယားသို့ ချီတက်တိုက်ခိုက်သည်။ အေးဒီ ၁၅၅၀ ခုနှစ်တွင် စစ်တောင်းစား ငမိန်စောထွန်းလုပ်ကြံ၍ တပင်ရွှေထီးနတ်ရွာစံပြီး ဘုရင့်နောင်က တောင်ငူထီးနန်းကို ဆက်ခံသည်။
မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။