စစ်ကိုင်းစည်သူကျော်ထင် ( အေဒီ ၁၅၅၁-၁၅၅၄)

တပင်ရွှေထီးလက်ထက် မြန်မာသက္ကရာဇ် (၉၀၆) ခုတွင် စလင်းစည်သူကျော်ထင်နှင့် ပဲခူးစည်သူကျော်ထင်သည် ဆင်စီးချင်းတိုက်ခိုက်ကြရာ စလင်းစည်သူကျော်ထင် အရေးမသာသဖြင့် ဆင်တစ်ကောင်နှင့် လောင်းရှည်ကြောင်း ချင်းတောင်ကိုပြေးလေ၏။ စလင်းစည်သူကျော်ထင်ကို ချင်းတို့ဖမ်းမိပြီး မိုးညှင်းစဝ်လုံငယ်သို့ ဆက်သ၏။ မိုးညှင်းစဝ်လုံငယ်၏ အကူအညီဖြင့် အင်းဝကိုလုပ်ကြံရန်အတွက် ဆင်ခြောက်ဆယ်၊ မြင်းရှစ်ရာ၊ စစ်သည်သူရဲငါးသောင်းပေး၍ သက္ကရာဇ် (၉၀၇) ခုတွင် ယခုစစ်ကိုင်းမြို့ကို တည်တော်မူသည်။

အေဒီ ၁၅၅၁ ခုတွင် စစ်ကိုင်းစည်သူကျော်ထင်သည် ဆင်မြင်းအလုံးအရင်းနှင့် အင်းဝသို့ချီတက် တိုက်ခိုက်သည်။ အင်းဝဘုရင်နရပတိသည် မခုခံနိုင်သဖြင့် ပြည်သို့ရောက်လာသော ဘုရင့်နောင်ထံသို့ သားတော်သမီးတော်နှင့်တကွ ဆင်မြင်းအလုံးအရင်းကိုယူ၍ ကျွန်ခံလာသည်။ စစ်ကိုင်းစည်သူကျော်ထင်လည်း နရပတိဟူသောအမည်ဖြင့် အင်းဝနန်းတက်၍ မင်းပြုလေသည်။

မြန်မာသက္ကရာဇ် (၉၁၅) ခုနှစ်၊ အေဒီ ၁၅၅၃ ခုတွင် ဥပရာဇာ ဦးဆောင်သော ဟံသာဝတီတပ်သည် အင်းဝသို့ချီတက်လေသည်။ အင်းဝဘုရင်လည်း အုန်းပေါင်း၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်းစော်ဘွားတို့၏ အကူအညီဖြင့် အခိုင်အလုံရှိသဖြင့် ဥပရာဇာတို့ ပြန်ဆုတ်ခဲ့ကြသည်။ အေဒီ ၁၅၅၄ ခုတွင် ဘုရင့်နောင်ကိုယ်တိုင် ဦးဆောင်၍ တိုက်ခိုက်လုပ်ကြံရာ အလိုပြည့်လေသည်။ အင်းဝဘုရင် နရပတိကိုကား အသက်အရွယ်ကြီးရင့်၍ သနားသဖြင့် သစ္စာတော်ပေးပြီးလျှင် ဟံသာဝတီသို့ပို့ကာ အလုပ်အကျွေး ၃၀ ကျော်ပေး၍ ကောင်းမွန်စွာထားသည်။ ညီတော် မင်းရဲကျော်ထင်ကိုလည်း သတိုးမင်းစော အမည်ပေး၍ အင်းဝဘုရင်ခံအဖြစ် ခန့်ပြီးလျှင် မိဖုရားခေါင်ကြီးတွင်မြင်သော သမီးတော်ကြီးနှင့် စုလျားရစ်ပတ် လက်ထပ်ပေးတော်မူသည်။

မှတ်ချက်။ ။ အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။

Copy by : Shan History